********ပုလင်းစောင့်ဘီလူး*********
မန္တလေးမြို့ စိန်ပန်းရပ်ကွက်တွင်မောင်
ပေါက်တူးအမည်ရှိ ဖောင်ကြိုသမားတစ်
ယောက်ရှိ၏။မောင်ပေါက်တူးသည် လှေ
ဖြင့်၎င်း၊ဖောင်ဖြင့်၎င်း၊အထက်မြစ်ညာ
ကသာနယ်မှရန်ကုန်မြို့အထိမြစ်ရိုးတစ်လျှောက်အနှံ့အပြားရောက်ဖူးသူတစ်ယောက်ဖြစ်၍၎င်းရပ်ကွက်ရှိလူငယ်များအားဗဟုသုတများကိုဖြန့်ဖြူးလေ့
်ရှိ၏။
တစ်နေ့သ၌မောင်ပေါက်တူးသည်မြန်မာပြည်အနှံ့အပြားကိုလှည့်လည်ကြည့်ရှုလိုသောစိတ်ဖြစ်ပေါ်လာသည်နှင့်သူငယ်ချင်းမိတ်ဆွေများကိုနှုတ်ဆက်ပြီးလျှင်အိပ်ရာတစ်လိပ်၊ဖာတစ်လုံးနှင့်ငွေကလေးသုံးလေးဆယ်ကိုအိပ်တွင်းထည့်၍အိမ်မှထွက်လာခဲ့လေ၏။မြစ်ဆိပ်သို့ရောက်သောအခါအောက်အရပ်သို့စုန်မည့်ဖောင်တစ်စီးနှင့်အခန့်သင့်တွေ့သဖြင့်မောင်ပေါက်တူးသည်
ဝိုင်းလုပ်ဝိုင်းစား အဖြစ်နှင့်အဖိုးအခမရှိပဲလိုက်လာခဲ့လေ၏။
မြင်းခြံမြို့သို့ရောက်သောအခါမောင်ပေါက်တူးသည်မြို့ပေါ်သို့တက်၍ရောက်တက်ရာရာလှည့်လည်လာခဲ့ရာကုန်းမြင့်ကလေးတစ်ခုသို့ရောက်သည်တွင်အလွန်ခန်းနားတင့်တယ်စွာဆောက်လုပ်ထားသည့်အိမ်ကြီးတစ်လုံးကိုတွေ့ရလေသည်။ပေါက်တူးသည်ဝင်ပေါက်အနီးမှရပ်တန့်၍အိမ်ကြီး၏သိုက်မြိုက်ခန့်ထည်မှုကိုကြည့်ရှုချီးမွန်းလျက်ရှိစဉ်အိမ်ကြီး၏အထက်အထပ်ပြတင်းပေါက်မှမိမိအားစိုက်ငေးကာကြည့်နေသောလူကြီးတစ်ယောက်နှင့်မျက်နှာချင်းဆိုင်မိကြလေ၏။
လူကြီးသည်ပေါက်တူးနှင့်မျက်လုံးချင်းဆိုင်မိရာမှပြုံးရယ်၍ပေါက်တူးအားအိမ်တွင်းသို့လက်ရပ်ခေါ်ငင်လေရာပေါက်တူးလည်းအံ့သြစွာနှင့်အိမ်တွင်းသို့ဝင်သွားလေ၏။
ဧည့်ခန်း၌ထိုင်မိသောအခါလူကြီးသည်စကားမပြောသေးပဲပေါက်တူး၏မျက်နှာကိုကြည့်ကာသက်ပြင်းချလျှက်ရှိ၏။ပေါက်တူးကမူ
ငါ့၌ဤလိုအိမ်မျိုးရှိခဲ့လျှင်တစ်နေ့လုံးပျော်၍မဆုံးရှိလိမ့်မည်ဟုစိတ်ကူးမိသည်နှင့်ထိုလူကြီး၏သက်ပြင်းချခြင်းကိုအလွန်အံ့သြစွာနှင့်ငေးကြည့်နေလေ၏။ထိုအခါလူကြီးသည်၎င်း၏အကြံကို
သိဟန်နှင့်
လူကြီး။ ။ မောင်ဒီအိမ်ကြီးမျိုးလိုချင်သလား
တူး ။ ။ လိုချင်ပြီလားဗျာ
လူကြီး။ ။မောင့်မှာငွေဘယ်လောက်ပါသလဲ
တူး ။ ။ အစိတ်လောက်ပါပါတယ်
လူကြီး ။ ။ နည်းသကိုးမောင်ရဲ့ နို့ပေမယ့်တတ်နိုင်ဘူးလေ၊ဒီလိုမောင်ရဲ့
၊ဟောဒီပုလင်းကိုငွေအစိတ်နဲ့ကျုပ်ရောင်းမယ်
ဒီပုလင်းကိုမောင်ဝယ်ရင်ဒီိအိမ်တွင်မကဘူးလိုချင်တဲ့ပစ္စည်းတွေအားလုံးရနိုင်တယ်။လိုချင်တာတောင့်တလိုက်ရင်ရတာပဲ
ဟုပြော၍ပုလင်းတစ်လုံးကိုထုတ်ပြလေသည်။
ပေါက်တူးသည်ပုလင်းကိုကိုင်ကြည့်ရာ ပုလင်းမှာလည်ပင်းရှည်ရှည်ထိပ်ဝကျဉ်းကျဉ်း
အဖြူရောင်ရှိသော်လည်းအတွင်းဘက်၌သက်တန့်ကဲ့သို့အရောင်မျိုးစုံကွန့်မြူးလျှက်ရှိသည်ကိုတွေ့ရ၏။လူကြီးသည်မယုံဟန်ရှိသောပေါက်တူး၏လက်မှပုလင်းကိုလှမ်းယူ၍သံမံတလင်းပေါ်၌ပေါက်၍ပြရာပုလင်းမှာမကွဲပဲကြက်ပေါင်ကဲ့သို့ခုန်တက်လာလေ၏။၎င်းနောက်လူကြီးက
"
ဒီပုလင်းထဲမှာဘီလူးတစ်ကောင်ရှိတယ်၊ဒီပုလင်းရှင်ဟာဘီလူးကိုခိုင်းချင်တာခိုင်းနိုင်တယ်၊အိမ်၊တိုက်၊ငွေ
၊ဘာမဆိုလိုချင်တာ တောင့်တလိုက်ရင်သူရအောင်လုပ်ပေးတာပဲ"
တူး ။ ။ဒါနဲ့များခင်ဗျားရောင်းချင်ရသလား
လူကြီး။ ။ ရောင်းချင်ဆို ဒီလိုမောင်ရဲ့ ၊ကျုပ်လဲ
ကြီးပြီဒီပုလင်းကအသက်ရှည်အောင်တစ်ခုတော့သူမလုပ်ပေးနိုင်ဘူး။ကျုပ်လိုချင်တာတွေလဲအားလုံးရပြီ။သို့သော်
တစ်ခုတော့ကျုပ်ဖွင့်ပြောရမယ်။ဒီပုလင်းကိုမရောင်းပဲနဲ့လက်ထဲမှာထားရင်သေသွားခဲ့ရင်ပုလင်းစောင့်ဘီလူးကကျွတ်ပြီးပုလင်းရှင်ကပုလင်းစောင့်ဘီလူးဖြစ်မယ်။ပြီးရင်
ငရဲမှာခံရမယ်။ဒီတော့ကာဘယ်လိုလုပ်ရမလဲဆိုတော့အရွယ်ကောင်းတုန်းမှာဒီပုလင်းတန်ခိုးနဲ့စည်းစိမ်ခံ၊ကြီးပြင်းလာလို့သေခါနီးတော့ရောင်းပစ်လိုက်ပေါ့မောင်ရဲ့
"
တူး။ ။ခင်ဗျားညာတာမဟုတ်ဘူးနော်
လူကြီး။ ။ပေးချင်တဲ့သစ္စာပေးပါမောင်ရယ်
တူး။ ။ ဒါဖြင့်ကျွန်တော်စမ်းကြည့်မယ်
ဟုပြော၍ငွေ ၂၅ ကျပ်ကိုလူကြီးအားပေးပြီးလျှင်ပုလင်းကိုလှမ်းယူ၍
"ပုလင်းစောင့်ဘီလူး ၊ငါ့ငွေ ၂၅
ကျပ်ငါ့ပြန်ယူပေး"ဟုပြောလိုက်သည်နှင့်တစ်ပြိုင်နက်ပေါက်တူး၏အင်္ကျီအိတ်ထဲတွင်ငွေ
၂၅ ကျပ်ရောက်မြဲတိုင်းရောက်နေလေ၏။
တူး ။ ။ နေရာကျလိုက်လေဗျာ၊ဒါထက်ပြန်ရောင်းချင်တော့ဘယ်လိုရောင်းရမလဲ
လူကြီး ။ ။ကိုယ်ပေးဝယ်ထားတဲ့အဖိုးထက်လျှော့ပြီးရောင်းရတယ်၊ကိုင်း
ကျုပ်တော့ဝဋ်ကျွတ်သွားပေပြီမောင် သွားပေတော့၊သွားပေတော့ "
ဟုပြောပြောဆိုဆိုနှင့်မောင်းထုတ်လိုက်လေသည်။
ပေါက်တူးသည်
အံ့သြခြင်းဝမ်းသာခြင်း ယုံမှားသံသ
တို့ရောစပ်လျှက်ရှိသောစိတ်ဖြင့်လမ်းပေါ်သို့လျှောက်လာရာ
စမ်းသပ်လိုသောသဘောနှင့်လွယ်အိတ်ထဲမှပုလင်းကိုထုတ်၍လမ်းဘေးရှိရေမြောင်းတစ်ခုတွင်ချထားခဲ့လေ၏။ပေါက်တူးသည်လမ်းကွေ့သို့ရောက်သည်နှင့်တပြိုင်နက်လွယ်အိတ်သည်ရုတ်တရက်လေးလာ၍စမ်းကြည့်ရာပုလင်းကိုတွေ့ရလေ၏။
ပေါက်တူး။ ။ အင်း ဟုတ်တုတ်တုတ်ပဲပဲ " ဟုစဉ်းစားမိ၏။
ပေါက်တူးသည်ဖောင်သို့ပြန်ရောက်သောအခါဆက်လက်၍မလိုက်တော့ရန်အကြံရှိသဖြင့်အိပ်ရာနှင့်ထမ်းခေါက်ဖာကလေးကိုဖောင်ပေါ်မှယူလာခဲ့လေ၏။၎င်းနောက်မန္တလေးသို့ဆန်သောကူးတို့သင်္ဘောပေါ်သို့တက်၍တစ်ညလုံးစိတ်ကူးနေရာနောက်ဆုံး၌မန္တလေးမြို့
ဂေါဝိန်ဆိပ်ကမ်းအနီးတွင်အိမ်ကြီးတစ်ဆောင်
ရလိုသောဆုတောင်းဖြင့်အိပ်ပျော်ခြင်းသို့ရောက်လေ၏။
မန္တလေးသို့ရောက်သည်နှင့်တပြိုင်နက်သင်္ဘောဆိပ်တွင်မိတ်ဆွေတစ်ယောက်နှင့်တွေ့၍
ပေါက်တူး၏အစ်ကို၊မရီး၊တူကလေးနှင့်တူမလေးတို့မှာ
ယမန်ညဥ့်ကပင်လေကြီးမိုးကြီးကျခြင်းကြောင့်သစ်ပင်ပိ၍သေဆုံးပြီဖြစ်ကြောင်းနှင့်
ခရီးရောက်မဆိုက်ပြောပြလေ၏။ပေါက်တူး၏အစ်ကိုမှာဥစ္စာပစ္စည်းအသင့်အတင့်ရှိသူဖြစ်၍မြစ်ကမ်းပါးယံအနီး၌မြေကွက်လပ်တစ်ခုလည်းရှိရာ
အခြားအမွေဆက်ခံမည့်သူလည်းမရှိသဖြင့်
ပေါက်တူးပင်အမွေဆက်ခံရလေသည်။ပေါက်တူးအိမ်ဆောက်ရန်စိတ်ကူးသောမြေနေရာမှာလည်း၎င်းနေရာမျိုးပင်ဖြစ်သည်။
နောက်တစ်နေ့တွင်ပေါက်တူးသည်အိပ်ရာမှထ၍လက်ဖက်ရည်သောက် နေစဉ်
ကြေးနန်းတစ်စောင်ရောက်လာရာစာအိတ်ကိုဖောက၍အင်္ဂလိပ်စာတတ်သောတစ်ယောက်အားပြသောအခါ
ရန်ကုန်စိန်လည်ဂျာထီ
ပထမဆုပေါင်ကြောင်းသိရှိရလေ၏။ငွေတစ်သိန်းကျော်ဆုရသည်နှင့်ပေါက်တူးသည်မိတ်ဆွေတစ်ယောက်ကိုခေါ်၍အိမ်ဆောက်မည်အကြံနှင့်
အင်ဂျင်နီယာထံသွားကြရာ ၎င်းက
အဆင်သင့်ရေးဆွဲထားသောအိမ်ပုံစံတစ်ခုကိုထုတ်ပြလေ၏။
၎င်းပြသောအိမ်ပုံစံမှာမောင်ပေါက်တူး၏စိတ်ကူးထဲမှအိမ်ပုံစံနှင့်တစ်ထပ်တည်ကျနေ၍
အံ့သြသွားလေသည်။
******************************
ဆုငွေထုတ်ယူပြီးသောအခါ
ပေါက်တူးသည် အင်ဂျင်နီယာ
အကူအညီဖြင့်အိမ်တစ်လုံးဆောက်
ပြီးလျှင် အိမ်ကြီးနှင့်လိုက်ရော
အောင် အိမ်တွင်းအဆောင်အ
ယောင်များကိုစိတ်ကြိုက်ဝယ်ထည့်
လေ၏။
တစ်နေ့သ၌ပေါက်တူးသည်ရက်အတန်ကြာမေ့လျော့နေသောပုလင်းအားထုတ်ကြည့်ပြီးလျှင်ပုလင်းစောင့်ဘီလူးအားတွေ့မြင်လိုသဖြင့်
"ဟယ်ပုလင်းစောင့်ဘီလူးသင့်အားငါမြင်တွေ့လိုသည်
ငါ့အားပြလော့"ဟုပြောလိုက်လေရာ
တစ်ခဏအကြာ၌ပုလင်းဝမှဘီလူး၏မျက်နှာကိုပြူ၍ပြလေသည်။မောင်ပေါက်တူးလည်းဘီလူး၏မျက်နှာကိုမြင်ပြီးသည့်နေ့မှစ၍ထမင်းမစားနိုင်တော့ပေ။သို့ရာတွင်ငယ်ရွယ်သေးသူဖြစ်သောကြောင့်ရက်အနည်းငယ်အတွင်းပြန်လည်လန်းဆန်းလာပြန်သည်။
တစ်နေ့တွင်ပေါက်တူးသည်မြစ်ကမ်းဘေးသို့လမ်းလျှောက်ထွက်ရင်းချောမောလှပသော
မိန်းမပျိုလေးနှင့်တွေ့ဆုံ ချစ်ကျွမ်းဝင်ကြပြီးနောက်
သူမ၏ဖခင်ထံသို့သွားရောက်တောင်းရမ်းလက်ထပ်လေ၏။ထိုညဥ့်၌မောင်ပေါက်တူးသည်ရေချိုးခန်းသို့ဝင်၍မိမိကိုယ်အားကိုယ်လုံးပေါ်မှန်ကြီးထဲသို့ကြည့်မိရာ
ပေါင်တွင်အနီကွက်လေးတစ်ခုကိုတွေ့၍များစွာစိတ်မကောင်းဖြစ်မိလေ၏။အဘယ့်ကြောင့်ဆိုသော်နူနာရောဂါစွဲကပ်သူတို့တွင်
ထိုကဲ့သို့ အနီစက်လေးများ၊အကွက်ကလေးများ မျက်နှာ၊ပေါင်ခြံ
စသည်တို့တွင်ပေါ်ပေါက်တတ်သောကြောင့်ဖြစ်ပေသည်။
ပေါက်တူးသည်ပုလင်းကိုသတိရသည်နှင့်ယူပြီးရေချိုးခန်းထဲသို့ပြန်လည်ဝင်ပြီး
စွဲကပ်နေသောနူနာပျောက်စေကြောင်းဆုတောင်းလေ၏။ထိုတစ်ခဏအတွင်းပေါင်၌စွဲကပ်နေသောနူနာမှာ
အစွန်းအကွက်မရှိတော့ပဲချောမောသန့်ရှင်းစွာရှိနေလေ၏။
ပထမ၌ပေါက်တူးသည်အတိုင်းမသိဝမ်းမြောက်မိ၍ပုလင်း၏အံ့သြဖွယ်ကောင်းလှသောတန်ခိုးသတ္တိကိုဆက်လက်စဉ်းစားမိရာ
ပုလင်းကိုရောင်းမပစ်နိုင်မီ မိမိသေဆုံးသွားပါက အဝီစိ
ငရဲ၌ကျခံရမည်ကိုတွေးတောမိသောကြောင့်ပူဆွေးဒုက္ခရောက်ရပြန်လေ၏။လက်ထပ်ပြီးစတစ်လခန့်အချိန်သည်သတို့သားသတို့သမီးတို့အတွက်မိုးမမြင်လေမမြင်ပျော်ကြရသောအချိန်ပေတည်း။တစ်လကျော်လွန်သော်ပေါက်တူးမှာပျော်ရွှင်သောစိတ်အာရုံတစ်ဖြေးဖြေးကွယ်ပျောက်၍
ဒယ်အိုးကြီးများ၊ဓား၊လှံ၊လက်နက်များ၊မီးတောက်မီးလျှံများ
မြင်စပြုလာသောကြောင့်တစ်မှိုင်မှိုင်တစ်တွေတွေဖြစ်လာလေသည်။
မဖွားရင်သည်မိမိယောက်ျား၏အမူအရာကိုမြင်သောအခါမိမိအားတစ်စုံတစ်ရာသဘောမတွေ့
သည်များရှိ၍လားဟုတွေးတော၍မျက်ရည်စက်လက်နှင့်ရှိရှာ၏။မောင်ပေါက်တူးမြင်သောအခါမဖွားရင်အားပုလင်းနှင့်ပတ်သက်၍အလုံးစုံပြောပြမှဖြစ်ပေတော့မည်ဟုတွေး၍မဖွားရင်အားခေါ်၍အစအဆုံးပြောပြလေ၏။
ထိုအခါမဖွားရင်သည်ပုလင်းကိုစွံအောင်ရောင်းထုတ်ရန်မှာခဲယဉ်းမည်မဟုတ်ကြောင်းအားပေး၍တစ်မြို့တစ်ရွာသို့ထွက်ရန်စီမံကြလေ၏။အဘယ့်ကြောင့်ဆိုသော်
လူတိုင်းက
ငယ်ရွယ်စဉ်မှစ၍သိလာကြသောပေါက်တူးတွင်ဤမျှလောက်ထူးဆန်းသောပုလင်းမျိုးရှိလိမ့်မည်ဟု
မယုံကြည်ကြသောကြောင့်ဖြစ်သည်။
တစ်နေ့သ၌ပေါက်တူးတို့လင်မယားသည်ရန်ကုန်မြို့ရှိရွှေတိဂုံဘုရားသွားဖူးကြမည်ဟုသတင်းလွှင့်၍မြို့တစ်မြို့သို့ထွက်ခွာခဲ့ကြလေ၏။ထိုမြို့တွင်
အိမ်ကြီးတစ်ဆောင်ကိုငှားရမ်း၍ကြေးရတက်များဟုထင်ကြစေရန်နေထိုင်ကြလေသည်။သိန်းထီပေါက်ထားသည့်အပြင်ပုလင်းကိုလည်းမကြာခဏအသုံးချထားသောကြောင့်လူရည်တတ်ဟုထင်မှတ်ရလောက်အောင်နေထိုင်ရန်မခဲယဉ်းလှပေ။အခြေတစ်ကျရှိသောအခါ
၎င်းမြို့ရှိ လူကြီးလူကောင်းများသည်ပေါက်တူးတို့၏
အငြိမ့်ပွဲ၊ဇာတ်ပွဲ၊ဘုရားကိုးဆူပွဲ
များသို့လာရောက်ကြရင်းမိတ်ဆွေဖြစ်ကြ၏။၎င်းမိတ်ဆွေများအနက်နွမ်းပါးဟန်ရှိသောသူများကိုပုလင်းအကြောင်းထုတ်ပြော၍ဝယ်ရန်ပြောလေ၏။အချို့က
ဤမျှလောက်သတ္တိထူးသောပုလင်းကိုအဖိုးငွေ ၂၀
မျှလောက်နှင့်ရောင်းမည်ဆိုခြင်းကိုမယုံကြည်ဟန်နှင့်ရယ်မောကြ၏။အချို့ကလည်းအဝီစိသို့သွားရမည်ဆိုသောကြောင့်အောက်လမ်းဆရာ
ဟုစွတ်စွဲကြ၍၎င်းသတင်းပြန့်သွားပြီးပေါက်တူးတို့လင်မယားကိုဝေးဝေးမှရှောင်ကွင်းကြလေ၏။ကလေးငယ်အချို့ကလည်းခဲများဖြင့်ပစ်ပေါက်ကြလေ၏။
သို့ဖြင့်လင်မယားနှစ်ယောက်တို့သည်မျှော်လင့်သည့်အတိုင်းဖြစ်မလာသဖြင့်အခြားတစ်မြို့သို့ပြောင်းကြရပြန်၏။၎င်းမြို့သစ်တွင်မူမိတ်ဆွေမဖွဲ့သေးပဲအရိပ်အကဲကိုကြည့်လျက်နေလေသည်။ပေါက်တူးမှာပုလင်းကိုရောင်းရန်ခဲယဉ်းမည်ကိုသိသောကြောင့်စိတ်ညစ်ညူးနေလေ၏။နောက်ဆုံး၌ပေါက်တူးမှာမအိပ်နိုင်မစားနိုင်တစ်မှိုင်မှိုင်တစ်တွေတွေဖြစ်လာကာအသားအရေကြုံလှီဖျော့တော့လာတော့သည်။
မဖွားရင်သည်ခင်ပွန်းသည်အားမကြည့်ရက်နိုင်တော့သဖြင့်အကြံတစ်ခုရသဖြင့်အိမ်မှထွက်လာရာလမ်းခရီးတွင်ပန်းနာရောဂါရှိသဖြင့်ချွေးဒီးဒီးကျနေသောအဘိုးအိုတစ်ယောက်ကိုတွေ့လေ၏။မဖွားရင်ကအဘိုးကြီး၏ပန်းနာရင်ကြပ်ရောဂါပျောက်လိုပါသလားဟုမေးရာအဘိုးကြီးကပျောက်ချင်ကြောင်းပြောလေ၏။
ပုလင်းအကြောင်းကိုပြောပြ၍ဝယ်ယူပါကပျောက်ကင်းနိုင်ကြောင်းပြောပြရာအဘိုးကြီးကပျောက်ချင်ပေမယ့် ငရဲ တော့မခံနိုင်ဟုပြောလေ၏။
မဖွားရင်လည်း
ပေါက်တူးထံမှပုလင်းကိုဝယ်ယူ၍ရောဂါပျောက်ရုံသာအသုံးပြုပြီးလျှင် မိမိ
ကဝယ်ယူမည်ဖြစ်ကြောင်းသဘောတူကြပြီးလျင်ပုလင်းဝယ်ရန်
ပေါက်တူးထံသွားလေ၏။အဖိုးကြီးသည်ပေါက်တူးထံမှအဖိုးငွေ
ငါးကျပ်နှင့်ဝယ်ယူ၍ပြန်လာခဲ့ရာမဖွားရင်ထံသို့ရောက်သောအခါချောင်းဆိုးရောဂါပျောက်ကင်းရုံမျှအသုံးချပြီးနောက်မဖွားရင်သို့အဖိုးငွေ
လေးကျပ် နှင့်ရောင်းချလိုက်လေ၏။
မဖွားရင်သည်ပုလင်းကိုဖွက်လျက်ပြန်လာခဲ့ရာ
ပေါက်တူးမှာပုလင်းရောင်းစွံပြီဖြစ်သောကြောင့်ရွှင်ပြုံးလျက်ရှိ၏။ထိုအခါ၌ကား
မှိုင်ငေးရမည့်အလုပ်မှာ
မဖွားရင်၏အလုပ်ဖြစ်လာလေ၏။ပေါက်တူးရွှင်မြူးသလောက်မဖွားရင်မှာစိတ်ညစ်ညူးရလေသည်။အလွန်ရွှင်မြူးနေသောပေါက်တူးအားအဖိုးကြီးကိုမှသနားဖို့သတိမရလေသလားဟုမေးရာ
ပေါက်တူးကသူတစ်ပါးအရေးထက်ကိုယ့်ရေးကပိုအရေးကြီးတယ်ဟုပြန်ပြောလေသည်။
ပေါက်တူးသည်မိမိရွှင်မြူးသလောက်ငေးမှိုင်နေသောမဖွားရင်ကိုမြင်သောအခါ
လင်တစ်ယောက်လုံးဝန်ထုတ်ကြီးကျသွားသည်ကိုဝမ်းမသာနိုင်ပဲသူစိမ်းဖြစ်သောအဖိုးကြီးအတွက်ဤမျှလောက်ပူပင်သောကရောက်ရသလားဟု
ဒေါပွနေလေ၏။သို့ရာတွင်
သစ္စာရှိသောမဖွားရင်သည်ဟုတ်တိုင်းမှန်ရာကိုဖွင့်ဟမပြောပဲခေါင်းငုံ့၍သာနေလေ၏။
တစ်နေ့ပေါက်တူးသည်စိတ်ညစ်ညူးလာသည်နှင့်အိမ်မှထွက်၍အရက်ဆိုင်သို့သွား၍မိတ်ဆွေသစ်များနှင့်သောက်စားနေလေ၏။ထိုလူစုများအနက်တေလေဂျပိုးကြီးအဖြစ်နှင့်ကြီးပြင်းခဲ့သော
ယစ်ထုတ်
ကြီးတစ်ယောက်လည်းပါလေ၏။ပေါက်တူးမှာမိတ်ဆွေများကိုတိုက်ရသဖြင့်ပိုက်ဆံကုန်သွားသောကြောင့်ပိုက်ဆံပြန်ယူရန်ပြောရာ
ယစ်ထုတ်ကြီကလက်ဖွာသောမိတ်ဆွေတစ်ယောက်နှင့်မခွဲလိုသည်ဖြစ်သဖြင့်အိမ်လိုက်ခဲ့ရန်ပြောသဖြင့်ခေါ်ဆောင်၍ပြန်ခဲ့လေ၏။အိမ်သို့ရောက်သောအခါ
ယစ်ထုတ်ကြီးကိုအပြင်၌နေခဲ့စေ၍အိမ်ထဲသို့တစ်ယောက်တည်းဝင်သွားလေ၏။မဖွားရင်မှာကုတင်ကိုမှီလျက်ထိုင်ငိုက်နေသည်ကိုတွေ့ရ၏။၎င်းအနီးတွင်ပုလင်းသည်ထောင်လျက်ရှိ၏။ပေါက်တူးသည်ပုလင်းကိုမြင်သည်နှင့်တစ်ပြိုင်နက်
မိမိအပေါ်၌စိတ်ကောင်းစေတာကောင်းနှင့်ကယ်ဆယ်ထားသည်ကိုရိပ်မိသည့်အတွက်ယူကြုံးမရဖြစ်မိလေသည်။သို့ရာတွင်မည်သို့ပင်ဖြစ်စေအရက်ဝအောင်သွားသောက်ဦးမည်ဟုသေတ္တာထဲမှငွေများကိုထုတ်၍ခြေဖျားထောကထွက်လာခဲ့လေ၏။
ယစ်ထုတ်နှင့်တွေ့သောအခါပေါက်တူးသည်ယစ်ထုတ်အားပုလင်း၏အတ္ထုပ္ပတ္တိနှင့်တကွမိမိ၏မယားသဘောထားကြီးမားပုံကိုပြောပြ၍တစ်ဖက်လှည့်နှင့်ပုလင်းကိုမဖွားရင်ထံမှဝယ်ယူရန်စေလွှတ်လိုက်၏။ပေါက်တူး၏အကြံမှာ
ယစ်ထုတ် ၏လက်မှပုလင်းကိုမိမိကပြန်လည်ဝယ်ယူရန်ဖြစ်သည်။
ယစ်ထုတ်သည်မဖွားရင်ထံမှထွက်သွား၍မကြာမီအတွင်းပုလင်းကိုပိုက်လျက်ပြန်လာလေသည်။ထိုအခါပေါက်တူးက ဘယ်လောက်ပေးရသလဲ ဟုမေးရာ
သုံးကျပ် ပေးခဲ့ရသည်ဟုပြန်ဖြေလေသည်။ဒါဖြင့်ကျုပ်ကို နှစ်ကျပ် နဲ့ရောင်းပေတော့ဟုပြောသောအခါ
ယစ်ထုတ်က "ဒီလောက်ထူးဆန်းတဲ့ပုလင်းကို လူမိုက်မှသာရောင်းမှာပေါ့
ငါမရောင်းဘူး " ဟုပြော၏။ပေါက်တူးက
"မရောင်းလျင်အဝီစိကျရမည့်အကြောင်းပြောပြသောအခါ ယစ်ထုတ်က "မထူးပါဘူးကွယ်
ပုလင်းရောင်းရောင်းမရောင်းရောင်း ငါ့လိုလူက အဝီစိကလွဲလို့
ဘယ်မှသွားစရာလမ်းမရှိပါဘူး၊ဒီအတူတူ မသေခင်ပျော်ပျော်ကြီး နေချေတော့မယ်
ပေါက်တူးရေ " ဟုပြောပြောဆိုဆိုနှင့်ခပ်သုတ်သုတ်လျှောက်သွားလေတော့သတည်း။။။။



0 comments:
Post a Comment